Mw ၇.၇ မန္တလေးငလျင်နှင့်ပတ်သက်၍ ကနဦးလေ့လာဆန်းစစ် ချက်များ
ယခုဖြစ်ပေါ်ခဲ့သောငလျင်သည် လူဦးရေအများဆုံးဖြစ်သည့် မန္တလေးမြို့တွင် အပျက်အစီးအများဆုံး ဖြစ်ခဲ့သည့်အတွက် မန္တလေးငလျင်ဟု ခေါ်ဆိုနိုင်သည်။ ကနဦးငလျင် သုတေသန လေ့လာမှုများအရ စဉ့်ကူးမြို့၏ တောင်ဘက်မှ စစ်ကိုင်းမြို့ကိုဖြတ်၍ နေပြည်တော်နှင့် ပျဉ်းမနားမြို့အထိ ရှည်လျားသော စစ်ကိုင်းပြတ်ရွေ့၏ အလယ်ပိုင်း (Middle segment) မှ ငလျင်ဖြစ်ပေါ်ခဲ့သည်ဟု သုံသပ်ရပါသည်။ စစ်ကိုင်း - အင်းဝဒေသ၏ ငလျင်သမိုင်းကို လေ့လာကြည့်လျှင် ၁၅ ရာစုအစောပိုင်းမှစ၍ အင်အားပြင်းမှ ဖျက်အားပြင်း ငလျင်ကြီးများအဆင့်ထိ (၁၇) ကြိမ်ခန့် လှုပ်ရှားခဲ့သည်ဟု သုတေသနမှတ်တမ်းများ အရသိရှိရသည်။
ယခုလှုပ်ရှားခဲ့သည့် Moment magnitude (Mw) ၇.၇ ငလျင်ကြီး မတိုင်ခင် ၂၀၂၂ ခုနှစ်တွင်လည်း Moment magnitude (Mw) ၅.၂ အဆင့်ရှိ တံတားဦးငလျင်အဖြစ် လူသိများသော၊ အလတ်စား ငလျင်တစ်ခု လှုပ်ရှားခဲ့ပြီး စစ်ကိုင်း၊ အင်းဝ နှင့် မန္တလေးမြို့နယ်များတွင်အတန်အသင့် ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သည်။
အဆိုပါအစိတ်အပိုင်းတွင် ၁၈၃၉ ခုနှစ်က အင်းဝငလျင်ဟုမှတ်တမ်းတင်ခဲ့သော အင်အားရစ်ချက်စတာ မဂ္ဂနီကျု (M) ၇.၅ မှ ၈ ကြား အဆင့်ရှိ သမိုင်းဝင် ငလျင်ကြီးတစ်ခုလှုပ်ရှားခဲ့ပါသည်။ ထို့နောက်မှစ၍ ယင်းအစိတ်အပိုင်းသည် နှစ်ပေါင်း (၁၈၆) နှစ် ကြာသည်အထိ အား (Seismic stress) တဖြည်းဖြည်းစုစည်းလာပြီး ယခုနှစ် မတ်လ (၂၈) ရက်နေ့ တွင် Moment magnitude (Mw) ၇.၇ အဆင့်ရှိ တကျော့ပြန် ဖျက်အားပြင်း ငလျင်အဖြစ်လှုပ်ခတ်လာခဲ့ပြီဖြစ်သည်။ အဆိုပါငလျင်သည် မြေပြင်မှအနက် (၁၀) ကီလိုမီတာ ရှိသည့် ဇောက်တိမ်ငလျင်အမျိုးအစား (Shallow focus earthquake) ဖြစ်ပြီး၊ မြေပြင်ငလျင်ဗဟိုချက် (Epicenter) သည် စစ်ကိုင်းမြို့၏ မြောက်ဘက်အနီးအနားတွင် ကျရောက်သည် (ပုံ-၁)။

ပြတ်ရွေ့ပျံ့နှံ့မှု လေ့လာချက် (Slip distribution) အရဆိုပါက မြေအောက်အနက် (၁၀ မှ ၁၅) ကီလိုမီတာ ကြားတွင်၊ (၆.၅) မီတာခန့် တောင်ဘက်သို့ ဘေးတိုက်ရွေ့လျားမှု (Southward bilateral rupture) ရှိခဲ့သည်ကို လေ့လာတွေ့ရသည် (ပုံ-၂) ။

ပင်မစစ်ကိုင်းပြတ်ရွေ့၏ အင်းဝ အစိတ်အပိုင်း ဖြတ်သန်းသွားသော နိုင်ငံ၏လူဦးရေ ထူထပ်ပြီး စီးပွားရေးအရ အချက်အချာကျသည့် မြို့ကြီးများဖြစ်သော ရှေးဟောင်းမြို့တော် မန္တလေး၊ အမရပူရ၊ အင်းဝ၊ စစ်ကိုင်းမြို့များနှင့် ကျောက်ဆည်၊ ဝမ်းတွင်း၊ သာစည်၊ ပျော်ဘွယ်၊ နေပြည်တော်၊ ရမည်းသင်း၊ ပျဉ်းမနား၊ တောင်ငူ၊ နှင့် ဖြူးစသည့် မြို့ကြီးများတွင် အသက်၊ အိုးအိမ်စည်းစိမ်များစွာ ဆုံးရှုံးခဲ့ရပါသည်။
မန္တလေးငလျင်၏ ပြတ်ရွေ့အလျား (Coseismic rupture) သည် တောင်ဘက်ရှိ ဖြူးအဆစ်အပိုင်း အထိ ~၃၈၀ ကီလိုမီတာကျော် ရှည်လျားသည်ဟု ယူဆရပြီး အားသက်ရောက်မှုလားရာ (Stress transfer direction) သည် တောင်ဘက်သို့ ရွေ့လျားနေသည်ဟု ယူဆရသဖြင့်၊ တောင်ဘက်ရှိ ပဲခူးအဆစ်အပိုင်း (Bago segment) နှင့် ငလျင်အထောက်အထား မတွေ့ရသေးသည့် မုတ္တမကမ်းလွန် အဆစ်အပိုင်း (Offshore Mottama segment) တို့တွင် ငလျင်အန္တရာယ်အတွက် သတိထားရမည်ဖြစ်သည် (ပုံ-၃)။

ထို့အပြင် ပဲခူးငလျင် (၁၉၃၀) နောက်ပိုင်းတွင် ငလျင်လှုပ်ရှားမှုမရှိခဲ့သည်မှာ (၉၅) နှစ်ကြာခဲ့ပြီဖြစ်သည့် အတွက် တကျော့ပြန် ငလျင် (Recurrent earthquake) အန္တရာယ် ဖြစ်နိုင်ခြေများသည်ဟု ယူဆရသည့်အတွက် မြန်မာပြည် အောက်ပိုင်းဒေသများ ငလျင်ဘေးအန္တရာယ် လျော့ချရေးအတွက် ကြိုတင်ပြင်ရမည့် အချိန်လည်း ဖြစ်ပါသည်။
ဇောက်တိမ်သော ငလျင်ကြီး ( Main shock) များလှုပ်ရှားပြီးနောက်တွင် နောက်ဆက်တွဲ ငလျင် (After shock) များ လအတန်ကြာသည့်တိုင်အောင် လှုပ်ရှားတတ်သော အလေ့အထရှိသည့်အတွက် မိဘပြည် သူများအနေဖြင့် ငလျင်အန္တရာယ်ကို ကြိုတင် ပြင်ဆင်မှုများပြုလုပ်ပြီး အစဉ်အမြဲ သတိပြု နေထိုင်ကြဖို့ လိုအပ်သည်။
ငလျင်လှုပ်ရှားမှုနှင့်အတူ ကမ္ဘာမြေအတွင်းပိုင်းရှိ ဖိအား၊ တွန်းကန်အား (Pressure) များ အပြောင်းအလဲ ရှိသည့်အတွက်ကြောင့် မြေပြင်ပေါ်သို့ ရေများလျံကျခြင်း၊ သဲရည် (သို့မဟုတ်) ရေများပန်းထွက်ခြင်း၊ သဲပွက်ခြင်း (Liquefaction and sand boil)၊ မြေကြီးများကွဲအက်ခြင်း (Ground fissure)၊ ပြတ်ရွှေ့ခြင်း (Fault slip) စသည့် သဘာဝဖြစ်စဉ်များဖြစ်ပေါ်တတ်ပြီး ယင်းနေရာများအနီးအနားကို သွားရောက်ခြင်းနှင့် မိမိနေထိုင်ရာတွင်ဖြစ်ပေါ်နေပါက သတိထားရှောင်ရှားနေထိုင်သင့်ပါသည်။
အချုပ်အားဖြင့်ဆိုသော်သဘာဝဘေးငလျင်အန္တရာယ် ဖြစ်သည့်အလျောက် ကြိုတင်ခန့်မှန်တိုင်းထွာ တွက်ချက်၍ မဖြစ်နိုင်သည့် အတွက် စစ်ကိုင်းပြတ်ရွေ့တလျောက်ရှိ တခြားဒေသများတွင်လည်း ယခုဖြစ်ပွားခဲ့သည့် ငလျင်ကြီးမှ သင်ခန်းစာယူ၍ အသိ၊ သတိ၊ ကြိုတင်လေ့ကျင့် ပြင်ဆင်ခြင်းဖြင့် ငလျင်အန္တရာယ်ကို လျော့ချ နိုင်မည်ဖြစ်သည်။
(မိမိပတ်ဝန်းကျင်တွင် မြေသားပြတ်ရွေ့မှုရှိပါက၊ တည်နေရာ (GPS coordinate)၊ ပြတ်ရွေ့မှုပမာဏနှင့် ပြတ်ရွေ့မှတ်တမ်းဓာတ်ပုံ (အတိုင်းအတာဖြင့်) စသည်တို့ကို mieps edu facebook စာမျက်နှာ (သို့) [email protected] သို့ ရေးသား ပေးပို့ပါရန် မေတ္တာရပ်ခံအပ်ပါသည်။)