ငလျင်ဘေးအန္တရာယ် လျှော့ချရေး လမ်းညွှန်ချက်များ
ငလျင်လှုပ်ခတ်လာပါက မိမိကိုယ်ကို ကာကွယ်စောင့်ရှောက်နိုင်ရန်လုပ်ဆောင်နိုင်သည့် အချက်အလက်များစွာ ရှိပါသည်။ ယေဘုယျအားဖြင့် ငလျင်ဘေးအန္တရာယ်ကို အဆင့် သုံးဆင့် ခွဲခြားနိုင်သည်။ ၎င်းတို့မှာ- မလှုပ်မီ (Before)၊ လှုပ်နေစဉ် (During) နှင့် လှုပ်ပြီးနောက် (After) တို့ဖြစ်ကြသည်။ အဆင့်တစ်ခုချင်းစီတွင်မည်သို့လုပ်ဆောင်ရမည်ကို သိရှိနားလည်ထားရမည်။
ငလျင်မလှုပ်မီ (Before)
- မိမိတို့ ၏ နေ့စဉ် နေထိုင်၊ သွားလာလှုပ်ရှားမှုပြုနေသည့် အချိန်တိုင်း၊ နေရာတိုင်း တွင် အချိန်မရွေး ငလျင်အန္တရာယ် တွေ့ကြုံနိုင်သောကြောင့်၊ မိမိရှိနေနိုင်သည့်နေရာ/အခြေအနေတိုင်းအတွက်ကြိုတင်၍ ဘေးအကင်း ဆုံးဖြစ်နိုင်မည့် အခြေအနေကို မိမိတို့ကိုယ်တိုင် ကြိုတင်စဉ်းစား၊ လေ့ကျင့်ထားသင့်သည်။
- မိသားစု/အစုအဖွဲ့အလိုက် ငလျင်ဘေးအန္တရာယ်ကာကွယ်ရေးအစီအစဉ်တစ်ရပ်ကို ရေးဆွဲ ထားပါ။ အထူးသဖြင့် မိသားစုအတွင်းရှိ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများနှင့် အိမ်မွေးတိရစ္ဆာန်များအတွက် အထူးဂရုစိုက်ရမည့်အစီအစဉ်များ (ဥပမာ- နေရာပြောင်းရွေ့ရန် လိုအပ်ပါက မည်သူက တာဝန်ယူကူညီရမည်၊ မည်သည့်အရာများ အဓိကလိုအပ်သည်) တို့ကို ကြိုတင်သတ်မှတ်ထားပါ။
- မိသားစုဝင်များ လူစုကွဲသွားပါက မည်သည့်နေရာတွင် မည်သို့ပြန်လည်ဆုံစည်းကြမည်ကို ကြိုတင် သတ်မှတ်ထားပါ။ မိမိတို့ရှိရာနေရာနှင့် အခြေအနေကို အကြောင်းကြားနိုင်ရန် အခြားဒေသတွင်ရှိသော မိတ်ဆွေ သို့မဟုတ် ဆွေမျိုးတစ်ဦးဦးကိုကြိုတင်ရွေးချယ်ထားပါ။
- နေအိမ်သာမက မိမိတို့ မကြာခဏရောက်ရှိနေတတ်သော ရုံး၊ကျောင်း၊ ဆေးရုံနှင့် အခြားအများပြည်သူဆိုင်ရာ နေရာများအတွက်လည်း ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားပါ။
- ရုံး/ကျောင်း။ ။ ထွက်ပေါက်လမ်းကြောင်းများ (Evacuation Routes)ကို သိရှိထားပြီး အရေးပေါ်စုဝေးရာ နေရာကို ကြိုတင်လေ့လာထားပါ။
- ဆေးရုံ/အများပြည်သူနေရာ။ ။ အန္တရာယ်ရှိနိုင်သော ပစ္စည်းများ (ဥပမာ- ရေဒီယိုဓာတ်မှန်စက်များ၊ လေးလံသော ဆေးဘက်ဆိုင်ရာပစ္စည်းများ)နှင့် ဝေးရာနေရာများကို မှတ်သားထားပါ။အဆိုပါနေရာများတွင် ငလျင်လှုပ်ပါက မည်သည့်နေရာတွင် နေရာယူရမည်၊ မည်သည့်လမ်းကြောင်းအတိုင်း ဘေးကင်းရာသို့ ထွက်ခွာရမည်ကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းစီစဉ်လေ့ကျင့်ထားပါ။
- အခန်းတိုင်းရှိ ဘေးကင်းသောနေရာများကို သိထားပါ။ ဥပမာ-ခိုင်ခံ့သောစားပွဲများ၊ စာရေးစားပွဲများ အောက် (သို့) အိမ်အတွင်း ခိုင်ခန့်သော နံရံရှိသည့်နေရာများ။
- အန္တရာယ်ရှိသောနေရာများကို သိထားပါ။ ဥပမာ- ပြတင်းပေါက်များ၊ မှန်/ မှန်နံရံများ၊ ချိတ်ဆွဲထားသော ပစ္စည်းများ၊ မီးဖိုများနှင့် အောက်ခြေမမြဲသော ဘီဒိုအမြင့်ကြီးများ။
- ဇာတ်တိုက်လေ့ကျင့်မှုများကို ကိုယ်တိုင်ဝင်ရောက်၍ လက်တွေ့လေ့ကျင့်ကြည့်ပါ။
- ရှေးဦးသူနာပြုစုနည်းနှင့် CPR (အသက်ရှူအားကူကယ်ဆယ်နည်း)ကို ကြက်ခြေနီအသင်း သို့မဟုတ် အခြားလူမှုကူညီရေးအသင်းအဖွဲ့များထံမှ သင်ယူထားပါ။
- အရေးပေါ်ဖုန်းနံပါတ်များ စာရင်းကို အဆင်သင့်ထားရှိပါ။အရေးပေါ်ဖုန်းနံပါတ်များ စာရင်းတွင် မီးသတ်၊ ကယ်ဆယ်ရေး၊ လူနာတင်ယာဉ်၊ ဆေးရုံ၊ ကြက်ခြေနီနှင့် ရပ်ကွက်/ဒေသဆိုင်ရာ စေတနာ့ဝန်ထမ်း လူမှု့ကူညီရေးအသင်းစသော အဖွဲ့များ၏ နံပါတ်များပါဝင်သင့်သည်။
- အရေးပေါ်အခြေအနေတွင် ဂတ်စ် (ဓာတ်ငွေ့) မီးဖိုများ၊ ရေနှင့်လျှပ်စစ်မီးများ မည်သို့ပိတ်ရမည်ကို လေ့လာထားပါ။
- ပိုက်လိုင်းများ၊ ပြုတ်ထွက်ပျက်စီးစေနိုင်သည့်ပစ္စည်းများကိုလှုပ်ရှားမှုမရှိစေရန် သေချာမြဲမြံစွာ ပြင်ဆင်တပ်ဆင်ထားပါ။ဥပမာ-ရေနွေး (ဘွိုင်လာ) အိုးများနှင့် လျှပ်စစ်ပစ္စည်းများ။
- လေးလံသော ပရိဘောဂများ၊ ချိတ်ဆွဲထားသော အိမ်တွင်းအလှဆင်ပစ္စည်းများနှင့် မှန်များကို မြဲမြံစွာ တွဲချည်ထားပါ။
- မီးလောင်လွယ်သော သို့မဟုတ် အန္တရာယ်ရှိသောအရည်များကို ဘီဒိုထဲတွင် သို့မဟုတ် အောက်ခြေစင်များ ပေါ်တွင်သာထားရှိပါ။
- အရေးပေါ် စားနပ်ရိက္ခာ၊ ရေနှင့် အခြားလိုအပ်သော ပစ္စည်းများကို စုဆောင်းပြင်ဆင်ပြီး လွယ်ကူသောနေရာတွင်ထားပါ။ ယင်းတို့တွင် လက်နှိပ်ဓာတ်မီး၊ ဓာတ်ခဲသုံးအိတ်ဆောင်ရေဒီယို၊ အပိုဓာတ်ခဲများ၊ ဆေးဝါးများ၊ ရှေးဦးသူနာပြုသေတ္တာနှင့်အဝတ်အထည်များ ပါဝင်ရပါမည်။
- မက်စောက်သော ကမ်းပါးယံများ၊ မြစ်ကမ်းပါးများတွင် ငလျင်ကြောင့် မြေပြိုခြင်း၊ မြေကျွံကျခြင်း အန္တရာယ်နှင့်၊ ရေဝပ်သောဒေသများ၊ သဲဆန်သောမြေနှင့် မြစ်၊ ချောင်း၊ ရေအိုင်များနှင့် နီးသော ဒေသများတွင် ငလျင်ကြောင့် သဲပွက်ခြင်း၊ ရေလျံတက်ခြင်း၊ သဲရေများပန်းထွက်ခြင်းနှင့် မြေလွှာနိမ့်ကျခြင်းတို့ကြောင့် အဆောက်အဦ၊ လူနှင့် တိရိစ္ဆာန်များ ထိခိုက်ပျက်စီးမှုများရှိနိုင်သောကြောင့် အထူးသတိပြုနေထိုင်ကြရန် လိုအပ်သည်။
ငလျင်လှုပ်နေစဉ် (During)
ငလျင်လှုပ်ခတ်နေပြီဟု သတိပြုမိသည်နှင့် အတက်နိုင်ဆုံး စိတ်တည်ငြိမ်အောင်ထား၍ “၀ပ်ချပါ၊ အကာအကွယ်ယူပါ၊ မြဲမြံစွာကိုင်တွယ်ထားပါ (Drop, Cover, and Hold on)” ဆိုသည့် နည်းလမ်းအတိုင်း ချက်ချင်းလိုက်နာဆောင်ရွက်ပါ-
- Drop (၀ပ်ချပါ)။ ။ လဲကျမသွားစေရန် မြေပြင်ပေါ်သို့ ချက်ချင်း ၀ပ်ချပါ။
- Cover (အကာအကွယ်ယူပါ)။ ။ ခိုင်ခံ့သောစားပွဲ၊ စာရေးစားပွဲ သို့မဟုတ် အခြားခိုင်ခံ့သော ပရိဘောဂတစ်ခုခုအောက်တွင် ဝင်ရောက်ခိုလှုံ အကာအကွယ်ယူပါ။(အကယ်၍ အကာအကွယ်မရှိပါက လက်နှစ်ဖက်ဖြင့်ဦးခေါင်းနှင့် လည်ပင်းကို အုပ်မိုးကာ နံရံထောင့်တွင် ဝပ်နေပါ။)
- Hold on (မြဲမြံစွာကိုင်တွယ်ထားပါ)။ ။ ငလျင်တုန်ခါမှုရပ်တန့်သည်အထိ မိမိခိုလှုံနေသော အကာအကွယ်ကို မြဲမြံစွာကိုင်တွယ်ထားပါ။
- မိမိသည် လုံခြုံသည့်အခြေအနေ၊ နေရာတွင်ရောက်ရှိပါက မိမိအနီးအနားပတ်ဝန်းကျင်ရှိ လူများကိုလည်း သတိထားနေနိုင်ရန်တိုတောင်းရှင်းလင်းစွာအော်ဟစ်အသိပေးပါ။ ဥပမာ- “ငလျင်!နေရာယူ!”
- ပြတင်းပေါက်များ၊ မီးဖိုများ၊ မှန်နံရံများ စသည်တို့နှင့် ဝေးဝေးတွင်နေပါ။ အကယ်၍ ပြတင်းပေါက်မှန်တံခါးများ အနားတွင်ရှိနေပါက ယင်းတို့ကို ကျောခိုင်းထားပါ။
- ငလျင်လှုပ်နေစဉ်အတွင်း ဓာတ်လှေကား (Elevator) ကို လုံးဝအသုံးမပြုပါနှင့်။ လှေကားပေါ်တွင် ရှိနေပါကလည်း ပိတ်မိနိုင်ခြင်း၊ ပြုတ်ကျနိုင်ခြင်း စသည့်အန္တရာယ်ရှိသဖြင့် အလွန်သတိထား၍ အနီးဆုံးဘေးကင်းရာနေရာတွင် ချက်ချင်းနေရာယူပါ။
- ပြုတ်ကျလာသော သို့မဟုတ် လွင့်စင်လာသော ပစ္စည်းများအန္တရာယ်မှ မိမိ၏ဦးခေါင်းနှင့် ခန္ဓာကိုယ်ကို ကာကွယ်ပါ။
- မြေငလျင်တုန်ခါမှု ရပ်တန့်သွားသည်အထိ မိမိရှိနေသောနေရာတွင် ဆက်နေပါ။ ဘာဆက်လုပ်မည်ကို ဦးစွာသေချာစဉ်းစားပြီးမှသာ ရွှေ့ပြောင်းပါ။
- စီးပွားရေးလုပ်ငန်းသုံး အဆောက်အဦများ (ဥပမာ- ရုံး၊ ကုန်တိုက်) အတွင်းရောက်နေပါ က ထွက်ပေါက်လမ်းကြောင်းများကိုသိထားပါ။ အမိုးအကာအောက်တွင် အကာအကွယ်ယူပြီး မြေငလျင်တုန်ခါမှု ရပ်သည်အထိ မလှုပ်ရှားပါနှင့်။
- အဆောက်အဦများ အပြင်ဘက်တွင် ရောက်နေပါက သစ်ပင်များ၊ အဆောက်အဦများ၊ နံရံများနှင့် လျှပ်စစ်မီးလိုင်းများနှင့်ဝေးရာ ကွင်းပြင်သို့ သွားပါ။
- အနီးအနားတွင် ကွင်းပြင်မရှိပါက အန္တရာယ်အကင်းနိုင်ဆုံးနေရာ သို့မဟုတ် အမိုးအကာအောက်သို့ ဝင်ပါ။
- ဟန်ချက်ထိန်းနိုင်ရန်အတွက် လှဲလျောင်းနေပါ သို့မဟုတ်ဆောင့်ကြောင့်ထိုင်နေပါ။
- ကားမောင်းနေပါက အန္တရာယ်အကင်းဆုံး နေရာတွင် အမြန်ဆုံးရပ်တန့်ပါ။ ငလျင်တုန်ခါမှု ရပ်သည်အထိ မော်တော်ယာဉ်အတွင်း၌ နေပါ။
- ခုံးကျော်တံတားများ သို့မဟုတ် တံတားများအောက်၊ အန္တရာယ်ရှိသော အဆောက်အဦများအနီးတွင် ကားကို မရပ်ပါနှင့်။
- ယာဉ်အတွင်း၌ရှိနေစဉ် ပြတင်းပေါက်အဆင့်ထက် နိမ့်သောနေရာတွင် ၀ပ်နေပါ။ အရေးပေါ် ညွှန်ကြားချက် များကို ရရှိရန် ရေဒီယိုကိုဖွင့်ပြီး လိုက်နာဆောင်ရွက်ပါ။
- ပြတ်ကျလာသော လျှပ်စစ်ဓာတ်အားလိုင်းများ ကားပေါ်သို့ ကျရောက်နေပါက ကားထဲတွင်ပဲ ဆက်နေပါ။ သတ္တုပစ္စည်းများကို မကိုင်ပါနှင့်။ အကူအညီကို စောင့်ပါ။
- လျှပ်စစ်လိုင်းကြိုးများနှင့် ဝေးရာသို့ ကားကို နောက်ဆုတ်မောင်း၍ရလျှင် မောင်းထုတ်ပါ။
- မော်တော်ယာဉ်ပေါ်မှ မဖြစ်မနေ ဆင်းရမည်ဆိုပါက ကွင်းပြင်သို့ အမြန်ဆုံး ရွှေ့ပြောင်းပါ။
ငလျင်လှုပ်ပြီးနောက် (After)
- မိမိတို့ကိုယ်ကို ဒဏ်ရာရရှိမှု ရှိ၊ မရှိ စစ်ဆေးပါ။
- အဆောက်အဦများအတွင်းရှိနေပါက မိနစ်အနည်းငယ်အတွင်းလှုပ်ခတ်နိုင်သော နောက်ဆက်တွဲငလျင် များဘေးကို ကာကွယ်နိုင်ရန် ပိုမိုဘေးကင်းလုံခြုံရာနေရာကို ရွေ့ပြောင်းနိုင်ပါက၊ ရွေ့ပြောင်းပါ။ မိမိအနီးအနားပတ်ဝန်းကျင်ရှိ လူများကိုလည်း အလန့်တကြားမဖြစ်စေဘဲ တည်တည်ငြိမ်ငြိမ် သတိပေးပါ။
- လေထုထဲတွင် မီးလောင်စေနိုင်သော မီသိန်းဓာတ်ငွေ့နှင့် အခြားဓာတ်ငွေ့များ ယိုဖိတ်ခြင်း၊ ပျံ့နှံနေခြင်း ရှိနေနိုင်သောကြောင့်မီးခြစ်၊ မီးဖို နှင့် မီး သုံးစွဲခြင်းမှ ရှောင်ကျဉ်ပါ။
- ဒဏ်ရာရထားသောလူနာများကို ရှေးဦးသူနာပြုစုနည်းဖြင့် ကူညီပါ။
- ပြင်းထန်သော ဒဏ်ရာရရှိမှု၊ မီးလောင်မှု သို့မဟုတ် အခြားအရေးပေါ်အခြေအနေမှလွဲ၍ ဖုန်းကို မလိုအပ်ဘဲ ချက်ချင်းမသုံးပါနှင့်။ ဖုန်းလိုင်းများကို ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ဦးစားပေးချန်ထားပေးပါ။ မဖြစ်မနေအဆက်အသွယ်ပြုလုပ်ရန် လိုအပ်ပါကဖုန်းပြောခြင်းထက် SMS (စာတို) ပေးပို့ခြင်းကိုသာ ပြုလုပ်ပါ။ စာတိုပေးပို့ခြင်းသည် လိုင်းကျပ်မှုကို သက်သာစေပြီး အရေးပေါ်အချိန်တွင် ပိုမိုထိရောက် လျှင်မြန်စွာ ပို့ဆောင်နိုင်ပါသည်။
- အခြားအန္တရာယ်များကို စစ်ဆေးပြီး ထိန်းချုပ်ပါ။ ဥပမာ- မီးလောင်မှု၊ ဓာတုပစ္စည်းဖိတ်စင်မှု၊ အဆိပ်ငွေ့များနှင့် အဆောက်အဦပြိုကျ နိုင်ခြေများ)။
- အသုံးအဆောင်ပစ္စည်းများ၊ ဥပမာ- ရေ၊ ဂတ်စ်၊ လျှပ်စစ်ပင်မဖြတ်တောက်သည့်နေရာ (မိန်းခလုတ်) များကို ပိတ်ပါ။
- အဆောက်အဦ (အမိုး၊ မီးခိုးခေါင်းတိုင်နှင့် အဆောက်အဦအောက်ခြေ (ဖောင်ဒေးရှင်း) များ အပါအဝင်) တွင် အက်ကွဲကြောင်းများနှင့် ပျက်စီးမှုများ ရှိ၊ မရှိ စစ်ဆေးပါ။
- အရေးပေါ်သုံးနိုင်သောရေနှင့်ရိက္ခာ ကိုစစ်ဆေးပါ။ သောက်သုံးရေ ပြတ်လပ်မှု ပြဿနာကို ရှောင်ရှားနိုင်ရန် ရေကိုအလေအလွင့်နည်းပါးအောင် စနစ်တကျ ချွေတာသုံးစွဲပါ။
- အရန်သင့်သုံးစွဲနိုင်ရန် သိုလှောင်ထားသော ရေများပျက်စီးပါကပြန်လည်သန့်စင်အသုံးပြုနိုင်ရန် စီစဉ်ပါ။
- ရေဒီယိုကိုဖွင့်ပြီး အရေးပေါ်ထုတ်လွှင့်ချက်များ/ ကြေငြာချက်များ၊ သတင်းများနှင့် ညွှန်ကြားချက်များကို နားထောင်ပါ။
- အရေးပေါ်အခြေအနေမှလွဲ၍ မိမိ၏မော်တော်ယာဉ်ကို မောင်းနှင်ခြင်းမပြုပါနှင့်။ အရေးပေါ် ကယ်ဆယ်ရေးယာဉ်များ သွားလာနိုင်ရန် လမ်းများကို ရှင်းလင်းထားပေးပါ။
- အဆောက်အဦများ ပျက်စီးနိုင်ခြေရှိသည်ဟု သံသယရှိပါက အပျက်အစီးများ ဝေးရာ၊ ဘေးကင်းရာ နေရာတွင် သင်၏ အရေးပေါ် ခိုလှုံရာနေရာကို သတ်မှတ်ပါ။
- ပိုမိုမြန်ဆန်သော ပြန်လည်ထူထောင်ရေးအတွက် အိမ်နီးနားချင်းများနှင့် ပူးပေါင်းဆောင်ရွက်ပါ။ တည်ငြိမ်စွာနေပြီး အခြားသူများကိုလည်း ကူညီဖေးမပေးပါ။
- နောက်ဆက်တွဲငလျင်များ (Aftershocks) သည် ငလျင်ကြီးလှုပ်ခတ်ပြီး မိနစ်အနည်းငယ်မှ လပေါင်းများစွာ တိုင်အောင် ထပ်မံလှုပ်ခတ်နိုင်သည်ကို သတိပြုပြင်ဆင်ထားပါ။
- လိုအပ်လာပါက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ရန်စီစဉ်ထားပါ။ အခြားမိသားစုဝင်များ သို့မဟုတ် ရှာဖွေကယ်ဆယ်ရေးသမားများအတွက် စာသားဖြင့် အမှာစကားများ ရေးသား ချန်ထားခဲ့ပါ။
- လက်အိတ်များအသုံးပြုပါ။ ထူထဲသောဖိနပ်များကိုစီးပါ။လုံလောက်ပြီး သင့်လျော်သော အဝတ်အထည်များ ကို အဆင်သင့်ထားရှိပါ။
- ကမ်းရိုးတန်းဒေသများတွင် ငလျင်ပြင်းပြင်းထန်ထန်လှုပ်ပါက ဆူနာမီ (Tsunami) အန္တရာယ်ရှိနိုင်သည်ဟု ယူဆပြီး၊ ပင်လယ်ရေမျက်နှာပြင်မှ ဝေးရာသို့လည်းကောင်း၊ တတ်နိုင်သမျှမြင့်မားသော ကုန်းမြင့်ဒေသ သို့မဟုတ် ခိုင်ခံ့သော အဆောက်အဦ၏ အမြင့်ပိုင်းသို့ အမြန်ဆုံး ရွှေ့ပြောင်းတက်ရောက်ပါ။ ဆူနာမီ(Tsunami) သတိပေးချက် (Early Warning) များကို သတိပြုပါ။
မြန်မာနိုင်ငံသည် ငလျင်အန္တရာယ်မြင့်မားသော Alpine Earthquake Belt အတွင်း တည်ရှိနေပါသဖြင့် ငလျင်ဘေး မကျရောက်စေရန် အမြဲသတိရှိပါ။ ကြိုတင်ပြင်ဆင်မှုဖြင့် ငလျင်ဘေးအန္တရာယ်မှ ကင်းဝေးကြပါစေ။
